မုက္ကဒိကျေးရွာသံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနှင့် ကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီး

ဘားအံ ဖေဖော်ဝါရီ  ၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာနှင့် ကျုံပိုက်ကျေးရွာတို့တွင် တည်ဆောက်လျက်ရှိသောသံလွင်မြစ်ကမ်းပြိုကာကွယ် ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၁၁)၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ၃၀၅ ဒဿမ ၇၄၈၂၇ ကျပ်သန်းဖြင့်ဆောင်ရွက်သော မုက္ကဒိကျေးရွာ သံလွင် မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Bored Pile အခြေပြု Gabion Box ကျောက်စီတမံ အလျား ၂၅၀ ပေ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြား ရေးမှူးဦးလှမိုးက လုပ်ငန်းတစ်ခု လုံး၏ ၈၀ ရာခိုင်နှုန်းကျော်ဆောင်ရွက်ပြီးစီးမှုနှင့် ဖေဖော်ဝါရီလကုန်တွင် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရ အဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ ၃၀၅ ဒဿမ ၈၆၄၂၈ ကျပ်သန်းဖြင့် ကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း Bored Pile အခြေပြု Gabion Box ကျောက်စီတမံ အလျား ၂၅၀ ပေ တည် ဆောက်ရေးလုပ်ငန်း ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)