မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမကြီးများက လာရောက်သင်ကြားပေး

မိုင်းယောင်း ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ဆရာဆရာမကြီးများက ဖေဖော်ဝါရီ ရက်တွင် မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လာရောက်သင်ကြားပေးခဲ့သည်။

ထိုသို့သင်ကြားပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောမတ်(ခ)လော်ခယ်၊ ခရိုင် ပညာရေးမှူး ဦးတင့်ဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းယောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတို့က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ရိုးရိုးအောင်မြင်သူ ၂၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ ခြောက်ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူတစ်ဦးနှင့် သုံးဘာသာဂုဏ်ထူးရရှိသူတစ်ဦး စုစုပေါင်း ၃၄ ဦး အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၂၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း