ပုဗ္ဗသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေး

ပုဗ္ဗသီရိ  ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းများမှ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေးခြင်းကို ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး (အခမဲ့)ထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်သိန်းက "ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ အိမ်မွေးခွေးနှင့်ကြောင်များကို ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးလျက်ရှိပါတယ်၊ ၂၀၃၀ ခုနှစ်အတွင်း ခွေးမှတစ်ဆင့် ကူးစက်တတ်သောခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး တစ်ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှ အိမ်မွေးခွေးနှင့်ကြောင် တစ်သောင်းဝန်းကျင်ရှိပြီး ယနေ့ထိ အိမ်မွေးခွေး(၁၅၀၂)ကောင်နှင့် ကြောင်(၁၀၃)ကောင်ကို(အခမဲ့) ထိုးနှံပေးပြီးဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာ(၁၉)ရွာနှင့် ဘုန်းတော်ကြီးကျောင်းများရှိ အိမ်မွေးခွေးနှင့် ကြောင် စုစုပေါင်း(၁၆၀၅)ကောင်အား ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ )