ကျိုင်းတောင်း ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီခွဲ အချိန်ခန့်က ကျိုင်းတောင်းမြို့ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ဝိန်း ကောင်)တို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိ သော ကျောင်းသူကျောင်းသားများအား ဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်လာကြ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက နေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့် ပြည်ထောင်စုနေ့အကြောင်း ဖြစ်ပေါ်လာပုံအ ကြောင်းများ၊ ပင်လုံစာချုပ်ချုပ်ဆိုမှု အဆင့်အဆင့်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသူများ၏ နာမည်များနှင့် စာချုပ်တွင်ပါဝင်သော အချက်အလက်များ၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်၍ မျိုးချစ်စိတ်ဓာတ်ပါ ရှင်သန်ထက်မြက်စေရန်နှင့် မိမိနိုင်ငံ၏ လွတ်လပ်ရေးကို တန်ဖိုးထားစောင့်ရှောက်ကြစေရန် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပထမဆုရရှိသူ မချစ်စနိုးဟန်၊ ဒုတိယဆုရရှိသူ မသီရီရှင်းသန့်၊ တတိယဆုရသူ မဟန်နီပွင့်တို့အား ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများအား အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်) ကျောင်းအုပ်ကြီး ဗိုလ်ကြီးကျော်ထိန်လင်းမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲတွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်သိ ကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ၊ မြို့နယ်လုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ၊ ပြည်ထောင်စုနေ့ သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့် စာဖတ်ပရိသတ်များ ကြိုနှစ်သက်သည့် သုတ/ရသစာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ကာတွန်းရုပ်ပြများကို ခင်းကျင်းပြသ ဆောင်ရွက်ထားရှိကာ စာအုပ်စာစောင်များကို လာရောက်လေ့လာသူ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ/ဆရာမများက ဖတ်ရှုငှားရမ်းခဲ့ကြကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)