ဘားအံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (UNCRC) ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ကလေးသူငယ်များရဲ့ အခွင့်အရေး(၄)မျိုးဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်များကို အပြည့်အဝရရှိစေရေး အတွက် မြန်မာ့ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ်မှာ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်၊ ဒီလို ဆောင်ရွက်ရာမှာ ကလေးသူငယ်များရဲ့ အကျိုးစီးပွားကို မျှော်ကိုးပြီး ကလေးသူငယ်အခွင့် အရေးများဆိုင်ရာအမျိုးသားကော်မတီက အစပြုလို့ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်၊ မြို့နယ် အဆင့်အထိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်အတိုင်း အနာဂတ်ခေါင်းဆောင်များဖြစ်လာမယ့် ကလေးငယ်များအတွက် ရသင့်၊ ရထိုက်သည့် အခွင့် အရေးများ၊ ကလေးသူယ်များ အတွက် ရေးဆွဲထားတဲ့ဥပဒေများကို ကလေးသူငယ်များ ခံစားခွင့်ရရှိ အောင် ပူးပေါင်း ဆောင်ရွက်ကြပါစို့”ဟု တိုက်တွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ကလေးသူငယ်အခွင့်အရေးနှင့်ဌာနလုပ်ငန်းနှင့်ဆက်စပ်သော ဥပဒေအကြောင်းအရာများအား လည်းကောင်း၊ ဘားအံခရိုင်ဥပဒေရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေ ဆိုင်ရာအကြောင်းအရာများအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲသို့ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)