လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့်နှင့်​ အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့်​ ငွေလုံးငွေရင်းထုတ်ပေး

လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့်အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယမန်နေ့နံနက်(၁၁)နာရီ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကျင်းပလျက်ရှိသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်နှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ထန်းတပင်စက်မှုဇုန်ရှိ Myanmar Sinyoung အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဦးကျော်သူရသည် (၁၆.၈.၂၀၂၂)ရက်နေ့တွင် စက်ရုံ၌ အလုပ်တာဝန်ထမ်းဆောင်ပြီးနေအိမ်သို့ ပြန်ရာလမ်းတွင် မတော်တဆယာဉ်တိုက်မှုဖြစ်ပွား၍ သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ၄၂၇၂၀၀၀/- ကျပ်ကိုမိခင်ထံသို့ပေးအပ်သည်။

မြစိမ်းရောင်စက်မှုဇုန်ရှိ Zhong Hong အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမားမစန္ဒာထွန်းသည် အလုပ်ခွင်မှ အပြန်မတော်တဆ ထိခိုက်ဒဏ်ရာရရှိ၍ ခြေတစ်ဖက်ဆုံးရှုံးခြင်းအတွက် အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့်ငွေ ၄၈၆၈၆၄၀/- ကျပ်ကို ကာယံကံရှင်ထံသို့ပေးအပ်ပြီး စက်မှုဇုန်(၂)ရှိ Great One အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမားဦးမင်းသူသည် လုပ်ငန်းခွင်မှအပြန် မတော်တဆထိခိုက်ဒဏ်ရာရရှိ၍ ခြေတစ်ဖက်ဆုံးရှုံးခြင်းတို့အတွက် အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့်ငွေ ၅၃၄၄၉၂၀/-ကျပ်ကိုအလုပ်ဌာနမှ တာဝန်ရှိသူများနှင့် အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်တို့က မိသားစုဝင်များရှေ့မှောက်တွင် အမြဲတမ်းမသန်စွမ်းအကျိုးခံစားခွင့် ငွေလုံးငွေရင်းတို့ကို အသီးသီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ ဆက်)