ပုဇွန်တောင်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေး  နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ

ပုဇွန်တောင် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်က အမှာစကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က  လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခင်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-11 ကျောင်းသား မောင်မင်းရန်အောင်မှ လူငယ်နှင့်စာရိတ္တကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မအေးမြတ်သူမှ လူငယ်နှင့်ယဉ်ကျေးမှုကိုလည်းကောင်း၊ Grade-9 ကျောင်းသား မောင်ရဲရင့်အောင်မှ လူငယ်နှင့်အားကစားကိုလည်းကောင်း၊ Grade-10 ကျောင်းသူ မစိုးစန္ဒာထွန်းမှ လူငယ်နှင့်ကျန်းမာရေးကို လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ပိုင်ထူးကျော်မှ လူငယ်နှင့်နည်းပညာကိုလည်းကောင်း၊ Grade-9 ကျောင်းသူ မထက်ထက်အောင်မှ လူငယ်နှင့်စာပေကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်၊ အတွင်းရေးမှူး ရဲမှူးတင်မောင်လွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်အား တက်ရောက်လာကြသည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြခဲ့ပြီး တက်ရောက်လာသူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ် (ပြန်/ ဆက်)