တိုက်ကြီး ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ဥတိုကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ရဲအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းသည် ကျေးရွာနေပြည်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေး ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောသည်။ ဆက်လက်၍ ကျေးရွာနေပြည်သူများက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် ရဲအောင်က ကျေးရွာနေပြည်သူများအတွက် အားကစားပစ္စည်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ ဆက်)