လိပ်သို ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ခြေလျင်လျှောက်သူများလိုက်နာရန်၊ စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းများအကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် (ကားယာဉ်မောင်းများလိုက်နာရန်စည်းကမ်းများကို ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ အနှေးယာဉ်အမြန်ယာဉ်လျောက်သူများ လိုက်နာဆောင်ရွက်နိုင်ရန် စည်းကမ်းချက်များအကြောင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေဆိုင်ရာများအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ နံရံကပ်စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ ကားမောင်းနေစဉ် ဖုန်းပြောတာရပ်ပါ၊ ရပ်မျဉ်းကျော်၍ရပ်ခြင်း၊ သတိပေးကာတွန်းပုံများ အသိပညာပေးနံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကိုပြသရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)