နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နေပြည်တော်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူထဲမှ ပြည်သူ့အင်အားကို ထိရောက်စွာအသုံးချပြီး သဘာဝဘေးရင်ဆိုင် တုံ့ပြန်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် သဘာဝဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေကြုံတွေ့လာလျှင် ထိရောက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများ၊ အတွေ့အကြုံကောင်းများကို ပေါင်းစပ်ပြီး စနစ်တကျစီမံ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်သည် ကြိုတင် ခန့်မှန်း၍ မရနိုင်သည့်အတွက် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုများ ဟန်ချက်ညီညီ၊ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် အသိပညာ၊ ဗဟုသုတတွေကိုသိရှိပြီး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်း သက်သာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချဆွေးနွေးမှုများကို စိတ်ဝင်တစား ဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီး ရရှိသည့်အသိပညာ၊ ဗဟုသုတ အတွေ့အကြုံများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း နှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းများ တက်ရောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်ပါ ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သဘောတရားများကို ပိုမိုနားလည်သဘောပေါက်စေပြီး မိမိတို့ဒေသအသီးသီးတွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် သင်တန်းပို့ချပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတက်ရောက်ကြပြီး ဖေဖော်ဝါရီ(၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ အရေးပေါ်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်သင်ခန်းစာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက် ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)