ထန်းတပင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ

ကျောင်းသား၊ကျောင်းသူကလေးငယ်များအား လူကုန်ကူးခံရမှုနှင့်ပတ်သက်သည့် ကြောင်းအရာများကို သိရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကာ ကျင်းပပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကိုယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ထန်းတပင်မြို့မရဲစခန်း ဒုရဲမှူးရဲမင်းထက်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများအကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးခင်ဆွေက လူကုန်ကူးခံရမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မြို့နယ်တရားသူကြီး ဦးထွန်းမျိုးဌေးက လူကုန်ကူးခံရပါကဖြစ်ပွားနိုင်သည့် ဆိုးကျိုးအန္တရာယ်များ အကြောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်က လူကုန်ကူးမှုနှင့်ပတ်သက်သည့် ကြောင်းအရာများနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို​​ တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများကို အသိပညာပေးပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြခဲ့ကြပြီး တက်ရောက်လာကြသူ များကိုလည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးသည်။

ဇင်မင်းထိုက်(ထန်းတပင်)