သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ထက်လယ်မူအဆင့် စာစီစာကုံးပြိုင်ပွဲများပြုလုပ်ပြီး နံရံကပ်စာစောင်နှင့်သုတရသစာအုပ်များပြသ

သာစည် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ထက်လယ်မူအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များပြပွဲကို  ယနေ့ နံနက် ၉  နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အလယ်တန်းနှင့်မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ မူလတန်းအဆင့်တွင် ပြည်ထောင်စုသားသွေးချင်းများ ခေါင်းစဉ်ဖြင့် သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများ၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မီးရထား၊ ငှက်မင်းကုန်းကျေးရွာ  အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းသား/ သူ ၁၂ ဦး၊ အလယ်တန်းအဆင့်တွင်  ပင်လုံမှသည် ပြည်ထောင်စုဆီသို့  ခေါင်းစဉ်ဖြင့် အမှတ်(၁)နှင့် အမှတ်(၂)  အခြေခံပညာ အထက်တန်းကျောင်းများ၊  အမှတ်(၂) ရပ်ကွက်  အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မီးရထားကျောင်းတို့မှ ကျောင်းသား/သူ ၁၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား/သူများနှင့်ဆရာမများကခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်များနှင့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ပြီး မွန်းလွဲ ၁ နာရီတွင်အထက်တန်းအဆင့်ပြိုင်ပွဲကို ပင်လုံသက်သေ ပြည်ထောင်စုအမွေခေါင်းစဉ်ဖြင့်ပြုလုပ်ရာ သာစည်မြို့ အမှတ် (၁)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူ ၁၃ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး    အဆိုပါပြိုင်ပွဲများမှ ဆုရရှိသူများကို   မြို့နယ်မှ  ကျင်းပပြုလုပ်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်