ကျောက်ဆည်မြို့၌ ကြက်သွန်နီ(၇၈၅၇)ဧက စိုက်ပျိုးနိုင်

ကျောက်ဆည် ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကြက်သွန်နီ(၇၈၅၇)ဧက စိုက်ပျိုးနိုင်ပြီး ကြက်သွန်ဈေးနှုန်းကောင်းမွန်သဖြင့် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။  

ကြက်သွန်သီးနှံများကို တိုက်နယ်(၁)မှ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ငါးဆူ၊ ရှားပင်ကျေးရွာအုပ်စု များတွင်(၈၀၅)ဧက၊ တိုက်နယ်(၂)မှ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင် (၄၃၄၁)ဧက၊ တိုက်နယ်(၃)မှ ပွတ္တိုင်၊ အနောက်သာဂရ၊ ပနန်ကျေးရွာအုပ်စုများတွင်(၃၈)ဧက၊ တိုက်နယ်(၄)မှ ညောင်ရွေ၊ ညောင်ဝန်းကျေးရွာအုပ်စုများတွင် (၅၀)ဧက၊ တိုက်နယ်(၅)မှ သင်တောင်း၊ အင်ဒိုင်းကျေးရွာအုပ်စုများတွင် (၂၈၇)ဧက၊ တိုက်နယ်(၆)မှ အရှေ့ငယ်တိုး ကျေးရွာအုပ်စုတွင်(၇၄၀)ဧက၊ တိုက်နယ်(၉)မှ အင်ရောင်း၊ ကလိုင်ကျော်၊ စိုင်မလန်း ကျေးရွာအုပ်စုများတွင် (၃၁၅)ဧက၊ တိုက်နယ်(၁၀)မှ မင်းစု၊ စပယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း ကျေးရွာအုပ်စုများတွင် (၈၃၀)ဧက၊ တိုက်နယ်(၁၁)မှ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ ကျေးရွာအုပ်စုများတွင်(၁၅၉)ဧက၊ တိုက်နယ်(၁၂)မှ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်ကျေးရွာအုပ်စုများတွင် (၂၉၂)ဧကစုစုပေါင်း(၇၈၅၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကြက်သွန်သီးနှံစိုက်ပျိုးရာတွင် ပျိုးပင်စိုက်နှင့်ဥမျိုးစိုက်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ဥမျိုးစိုက်ကြက်သွန်များသည် ကြာရှည်အထားမခံသည့်အတွက် တူးဖော်ပြီးသည်နှင့် ရောင်းချရကြောင်း၊ ပျိုးပင်စိုက်ကြက်သွန်သည် ဈေးကွက်မကြိုက်ပါ စိုက်ခင်းတွင် အပင်သက်တမ်းရင့်အောင်ထား၍ တူးဖော်ပြီးသိမ်းဆည်းထားနိုင်ကြောင်းနှင့် ကြက်သွန်တစ်ဧကစိုက်ပျိုးမည်ဆိုပါက မြေအမျိုးအစားနှင့် အပင်အပြုအစုအပေါ်မူတည်၍ ငွေကျပ်(၁၈)သိန်းမှ (၂၁)သိန်းနီးပါးကုန်ကျကြောင်း အထွက်နှုန်းအနေဖြင့် မြေတစ်ဧကတွင် ပိဿာချိန် (၂၅၀၀)နှင့်(၃၅၀၀)အကြားထွက်ရှိကြောင်းနှင့် ယခုနှစ်တွင်ကြက်သွန်နီဈေးကောင်းသဖြင့် ကြက်သွန်ပွဲစားများမှ ကြက်သွန်စိုက်ခင်းအထိလာရောက် ဝယ်ယူနေသည့်အတွက် ကြက်သွန်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)