ပျော်ဘွယ် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီက ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်က ယခုသင်တန်းသည် ပြည်သူများအတွက် အလွန် အကျိုးရှိသောသင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းတွင်ပို့ချမည့် အကြောင်းအရာများကို သေချာစွာလေ့လာမှတ်သားပြီး မိမိနေထိုင်ရာဒေသတွင် ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မိမိတို့ ကိုယ်တိုင်စီမံခန့်ခွဲမှုပြုလုပ်နိုင်ခြင်းတို့ကြောင့် သင်တန်းကိုပြီးဆုံးသည်အထိ တက်ရောက်ရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦး၊ ဦးစီးမှူး ဒေါ်အမူနှင့် မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးတို့က သဘာဝဘေးဆိုင်ရာသဘောတရားများ၊ စီမံခန့်ခွဲနည်းများ၊ အကဲဖြတ်ဆန်းစစ်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခြင်း၊ မီးဘေးအန္တရာယ်နှင့်ရှာဖွေကယ်ဆယ်ရေး၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှုစသည့် ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၃)ရက်တာဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပြည်သူများ စုစုပေါင်း သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)