ပန်းဘဲတန်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းအခမ်းအနား ကျင်းပ

ပန်းဘဲတန်း ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ပန်းဘဲတန်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် အမှတ်(၃) အခြခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပန်းဘဲတန်းမြို့နယ် အမှတ်(၃) အခြခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဦးဆန်းကြည်က (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များကို အမြဲအမှတ်တရ ရှိနေစေရန်နှင့် အထိမ်းအမှတ်နေ့များ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို လေ့လာဖတ်ရှုတတ်စေရန်ရည်ရွယ်ပြီး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပန်းဘဲတန်းမြို့နယ်  အမှတ်(၃) အခြခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်မြင့်မြင့်အေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဟောပြောပြီး  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများထဲမှ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုခဲ့ကြရာဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ဦးဆန်းကြည်