တာမွေ ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူများအနေဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီးထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန်၊ ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲ ဆောင်ရွက်နိုင်စေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်စေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာနမှ ထုတ်ဝေသည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် “(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွနေရာများအပါအဝင် လူစည်ကားရာနေရာတို့တွင် ကျောင်းသား/သူများနှင့် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့” အတွက် အမှာစကားများ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် “(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းများကို စုံလင်စွာဖော်ပြထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)