ကျောက်မဲ ဖေဖော်ဝါရီ ၈
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ် စိတ်ဓာတ်၏အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ "စည်းလုံးညီညွတ်မှုမှ သည် ထာဝရငြိမ်းချမ်းရေးဆီသို့" ဆောင်းပါး၊ ဆရာ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် "စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့"ကဗျာ၊ "ပြည်ထောင်စုကြီး အဓွန့်ရှည်ဖို့ တို့ညီနောင် တိုင်းရင်းသားတို့ ထာဝစဥ်သွေးစည်းညီညွတ်ကြပါစို့" ကာတွန်းနှင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော ဆောင်ပုဒ်များဖြင့် ဝေဝေဆာဆာဖော်ပြထားကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)