မြိတ်မြို့တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း ဖွင့်လှစ်

မြိတ် ဖေဖော်ဝါရီ   ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံ  သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီ (၈)ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းကို ဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် ဘေးမဖြစ်ခင်၊ ဖြစ်ဆဲ၊ ဖြစ်ပြီးကာလများတွင် ဆောင်ရွက်မည့် လုပ်ငန်းများကို  သဘာဝဘေးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနများ၏အားနှင့် လုပ်ငန်းဆောင်ရွက်မှု လွယ်ကူမြန်ဆန်စေရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဝေါဟာရများ၊ သဘာဝဘေး အန္တရာယ်များအကြောင်း၊ ရှေးဦးပြုစုနည်း၊  ဘေးအန္တရာယ် လျော့ပါးသက်သာစေရန် နည်းလမ်းများ၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ/နည်းဥပဒေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွင် ဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေလျော့ချခြင်းကို ထည့်သွင်းရေးဆွဲခြင်း၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်တုံ့ပြန်မှု စကားဝိုင်း လေ့ကျင့်ခန်း၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်း စသည့် ဘာသာရပ်များကို ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဇေယျစိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းကို ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ကြကာ ဖေဖော်ဝါရီ(၈)ရက်မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )