ကွတ်ခိုင် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ လူငယ်များ၏ အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ အတွေးအခေါ်များထက်မြတ်လာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကွတ်ခိုင်မြို့၊ ထခွဲလ(၂)ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ကျောင်းသား/သူများ ကို အသိပညာပေးဟောပြောရာတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ စသည့်ခေါင်းစဉ်များကို ဟောပြောခဲ့ပြီး ကျောင်းသား/သူ များနှင့်လည်း အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ ထို့နောက် နယ်လှည့်စာကြည့်တိုက်ကို ဆောင်ရွက်ရာ ဗဟုသုတရရှိဖွယ် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသထားပြီး ကျောင်းသား/သူ များက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ပြီး မိမိတို့ဖတ်ရှုခဲ့သည် စာအုပ်များမှ ရရှိလာသည့် ဗဟုသုတများကိုလည်း ပြန်လည်မျှဝေပေးခဲ့ကြသည်။ ဆက်လက်၍ မူးယစ်ဆေးဝါအသိပညာပေး အကြောင်း အရာများ၊ Covid-19 အသိပညာပေး အကြောင်းအရာများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာ စသည့်အသိပညာ ပေးအကြောင်းအရာများပါဝင်သည့် နံရံကပ်နှင့် ဓာတ်ပုံတို့ကိုပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှထုတ်ဝေထားသည့် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်သည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)