တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉:၃၀)နာရီအချိန်က တံတားမြို့၊ အ.ထ.က ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့်အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့သည် တိုင်းရင်းသားအားလုံးတညီတညွတ်တည်း၊ တစ်သွေးတစ်သားတည်း၊ စည်းလုံးညီညွတ်မှုကို သက်သေထူပြနိုင်ခဲ့သောနေ့ဖြစ်ကြောင်း၊ မိမိတို့၏ဘိုးဘွားများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ကိုလိုနီခေတ်လွန်မြန်မာနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်များအနေဖြင့်လည်း ပြည်ထောင်စုအနှစ်သာရပြည့်ဝသည့် နိုင်ငံတော်ကြီးအဓွန့်ရှည်စေရန်လိုအပ်ကြောင်း၊ အတိတ်သမိုင်း၏လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်ကြောင်း၊ အချင်းချင်းအပြန်အလှန်ချစ်ခင်လေးစားမှု၊ ယုံကြည်မှု၊စည်းလုံးညီညွတ်မှုများမှာ ပြည်ထောင်စုစိတ်ဓာတ်များပင်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို ဟောပြောပြီးနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊အသိပညာပေး နံရံကပ်စာစောင်အား ပြသထားရာကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)