ထားဝယ် ဖေဖော်ဝါရီ ၈
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စု အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကစားနည်းများ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ထို့နောက် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က တစ်ပြည်ထောင်လုံးက တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ဗြိတိသျှတို့ လက်အောက်မှ မြန်မာနိုင်ငံ အပြည့်အဝ လွတ်လပ်ရေးရရန် တောင်တန်းဒေသခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင်များအကြား ပူးပေါင်းသည့်ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော မြန်မာ့သမိုင်းတွင် အရေးပါ သည့် နေ့ထူးတစ်ရပ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပြည်ထောင်စုနေ့ တို့မမေ့ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများဖြစ်သော စကားပုံဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ဂိမ်း၊ အရုပ်ဆက်၊ ဒိုးဇက်ဆက်ကစား နည်းများအား ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားနေမှုကို ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
ထို့နောက် ဝန်ထမ်းများက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် နံရံကပ်မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)