ချမ်းမြသာစည် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းးဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၃၆)အခြေခံပညာ အထက် တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်၀င်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းမင်းစိုးကမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းကလူငယ်နှင့် စာပေ၊လူငယ်နှင့်စာရိတ္တခေါင်းစဉ်များကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်၀င်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ကိုလည်းကောင်းအသီးသီးဟောပြောခဲ့ကြသည်။
လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြီးနောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများသည်ခန်းမအတွင်း ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များနှင့် မီးသတ်ဦးစီးဌာနမှသရုပ်ပြသသောလက်တွေ့မီးငြှိမ်းသတ်နည်းကို စိတ်ပါ၀င်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)