စဉ့်ကိုင်မြို့နယ် အ.ထ.က(ဘယ်လင်း)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉:၃၀)နာရီအချိန်က စဉ့်ကိုင် မြို့နယ် အ.ထ.က(ဘယ်လင်း) ကျောင်း မိဘဆရာ အသင်းခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(ဘယ်လင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အာကာဦးစီးမှူး ဦးဆန်းဝင်းသန်းက နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျ ပြန်လည်ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်ပါကြောင်းနှင့် အားကစားအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ကြီးပွားရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး အကြောင်းအရာများစသည့် ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ရာ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အ.ထ.က(ဘယ်လင်း) ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသစာအုပ်များနှင့် နံရံကပ်စာစောင် ဓာတ်ပုံများကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်