သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

သရက်ချောင်း  ဖေဖော်ဝါရီ   ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်၊ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယပညာရေးမှူး ဦးခင်မောင်စိုးက ကျောင်းသား/ သူများအား အကျင့်၊ သီလ၊ စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်သော လူငယ်၊ လူရွယ်များ ဖြစ်လာစေရန် အသိပညာပေး ဟောပြော၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်က ကျောင်းသား/သူများ ဗဟုသုတရရှိစေရန် ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းစဉ်များအကြောင်း၊ ငါးအမျိုးမျိုးမွေးမြူရေးလုပ်ငန်းအကြောင်း၊ တရားမဝင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများအား ဖမ်းဆီးခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ဥပဒေအကြောင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေရန် ငါးများစားသုံးပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအနေ ဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝလာစေရန် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)