ပင်လုံ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ''လူငယ်စကားဝိုင်း''ကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး မှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ကို ''လူငယ်နှင့်စာပေ''ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အ.ထ.က(၃)ကျောင်းမှ Grade-11 ကျောင်းသား ခွန်ထွန်းနိုင်က လူငယ်နှင့်စာပေခေါင်းစဉ်အောက်မှ လူငယ်နှင့်စာပေတိုးတက်ရေး၊ Grade-10 ကျောင်းသား စိုင်းအောင်ဆန်း က ကိုယ့်စိတ်ဓာတ် ကိုယ့်စိတ်ဝိညာဉ်ကို အကောင်းဆုံးထိန်းသိမ်းဖို့စာဖတ်ကြပါ၊ Grade -11 ကျောင်းသူ နန်းနွမ်းအောင်က ဘဝအတွက်ခွန်အားဖြစ်စေသောစာပေများ၊ Grade -10 ကျောင်းသူ နန်းကောင်ခမ်း က ခေတ်လူငယ်တစ်ဦးဖြစ်ချင်ရင် စာဖတ်ခြင်းကအကောင်းဆုံးရွေးချယ်ရာလမ်း၊ Grade-10 ကျောင်းသူ နန်းစိန်ဦး က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးမှုများအပေါ် အပြန်အလှန်ဖြည့်စွက်ဆွေးနွေးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းကျင်းပရာသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများစုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)