ကွမ်းလုံ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားကျောင်းသူများ ပြည်ထောင်စုနေ့ကို အစဉ်အောင့်မေ့သတိရနေစေရန်နှင့် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်မှု အစဉ်တည်မြဲစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)မှ ကျောင်းသား/ကျောင်းသူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ၊ တိုင်းရင်းသားစည်းလုံညီညွတ်မှုနှင့် လူငယ်များ မျိုးချစ်စိန်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို ဟောပြောခဲ့ သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲကိုကြည့်ရှု၍ မိမိတို့ဖတ်ရှုလိုသည့်စာအုပ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)