မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း”ကျင်းပ

မောက်မယ် ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များစာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီးနောက် “လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။

“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ကျောင်းသား/ကျောင်းသူများ (၄)ဦး တို့က ဆောင်ရွက်ကာ Grade-11မှ မောင်ရဲမာန်ဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10မှ  မစုစုသိန်းက  လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11မှ စိုင်းစိုင်းနောင့်က လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မအိမ့်နှင်းဝတ်ရည်က လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများ(၄)ဦးတို့က မေးခွန်းများ၏ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။ 

ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ(၁၅၀)ဦးတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)