ဟိုပန် ဖေဖော်ဝါရီ ၈
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ချေးငွေစိစစ်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ်၊ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ချေးငွေရယူထားသည့် စိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ဦးဆောင်ညွှန်ကြားရေးမှူးဦးဝင်းနိုင်ဦးက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးထားသောချေးငွေများအပေါ် စိစစ်တွေ့ရှိချက်များ၊ ချေးငွေနှင့်ပတ်သက်သော လိုအပ်ချက်များ၊ ချေးငွေဆိုင်ရာအကြံပြုချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်က ဘဏ္ဍာရေးစည်းမျဉ်းနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ဟိုပန်ခရိုင်နှင့်မက်မန်းခရိုင်တို့တွင် ချေးငွေထုတ်ချေးပေးနိုင်ရန် ကော်မတီများဖွဲ့စည်းခဲ့မှုအခြေအနေ၊ ချေးငွေစိစစ်ခြင်းလုပ်ငန်း၊ စာချုပ်စာတမ်းများ ဆောင်ရွက်ထားရှိမှုနှင့် ချေးငွေထုတ်ချေးပြီးစီးမှုအခြေအနေတို့ကိုလည်းကောင်း၊ ခရိုင်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်ကစာချုပ်စာတမ်းများကို ပြည့်စုံမှုရှိစေရေး ဥပဒေအရာရှိများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေကိုလည်းကောင်း၊ မြို့နယ်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က ချေးငွေများထုတ်ချေးပေးနိုင်ရေးအတွက် ရပ်/ကျေးကော်မတီများဖွဲ့စည်းကာ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရုံးကုန်းရပ်ကွက်ရှိ ဒေသနွားမွေးမြူရေးခြံ၊ ရော်ဘာစိုက်ခင်းပြုစုထိန်းသိမ်းထားရှိမှုလုပ်ငန်း၊ ရော်ဘာCRUMB စက်ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မော်ဟွေ့ကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ငန်း၊ ကြက်သွန်နီစိုက်ခင်း၊ နေကြာစိုက်ခင်း၊ တိုင်ထောင်ပဲစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေး/မွေးမြူရေးဆောင်ရွက်သူများ၊ လုပ်ငန်းရှင်များကို လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အကျိုးဖြစ်ထွန်းမှု၊ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)