တန့်ယန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုအဖြစ် အခြေခံပညာအဆင့် စာစီ စာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲအား ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကျင်းပနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ မြို့နယ်ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံး ပြိုင်ပွဲတွင် (၆)ဦး၊ ကဗျာ ပြိုင်ပွဲတွင် (၁၁)ဦး၊ ပန်းချီ ပြိုင်ပွဲတွင် (၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)