မိုင်းကိုင် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း (၇၆)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ရှမ်းစာပေနှင့် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်က မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်သန်းက ရှမ်းလူငယ်များ၏ ရှမ်းစာပေနှင့် စာစီစာကုံး ပြိုင်ပွဲအတွက် ရွေးချယ်စိစစ်ခဲ့သည့် အကြောင်းအရာများနှင့်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် ပြိုင်ပွဲဝင် ဆုရ ရှမ်းလူငယ်လူရွယ် ၄၂ ဦး အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မိုင်းကိုင်မြို့နယ်ရှိ မြို့မိမြို့ဖများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ စာပေဝါသနာရှင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရှမ်းစာပေနှင့် စာစီစာကုံးပြိုင်ပွဲဝင်ဆုရ လူငယ်လူရွယ်နှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)