ကွန်ဟိန်း ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်းအား ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းပြည့်စန္ဒီမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ Grade 9 ကျောင်းသား မောင်ကျော်လင်းထွန်းက လူငယ်နှင့်အားကစား၊ Grade-9 ကျောင်းသူ မဂျူးသက်လည် လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade 11 ကျောင်းသူ မဆုပြည့်ပြည့်အောင်က လူငယ်နှင့် Social Media ၊ Grade 10 ကျောင်းသား စိုင်းမှုန်းစင့်ဆိုင် ကလူငယ်နှင့်စည်းကမ်း ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းကို လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်တွင် တိုင်းပြည်အတွက် လူတော်လူကောင်းများ ဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)