ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ လောကမာရဇိန်ရန်အောင်မြင် ရှေးဟောင်းစေတီအား ထီးတော်တင်ပွဲကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာရှိ လောကမာရဇိန်ရန်အောင်မြင် ရှေးဟောင်းစေတီတော်အား ဘက်စုံမွမ်းမံပြုပြင်ပြီး ထီးတော်တင်လှူပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရတနာစိန်ဖူးတော် အလှူရှင်ဖြစ်သော နေပြည်တော်ကောင်စီအဖွဲ့ဝင် နေပြည်တော်တိုင်းရဲတပ်ဖွဲမှူး ရဲမှူးကြီးကိုကိုလွင်နှင့် ဇနီးဒေါ်မေသက်အောင်၊ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မိသားစုများ၊ အလှူရှင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ပြီး အခမ်းအနားကို  နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ​

ရှေးဦးစွာ နေပြည်တော် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သြဝါရစရိယ အဂ္ဂတောင်သာသနာပြုဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတျကဓဇ ဘဒ္ဒန္တဝိမလ ဗုဒ္ဓိမဟာထေရ် အရှင်သူမြတ်ထံမှ(၉)ပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကာ နေပြည်တော်ကောင်စီအဖွဲ့ဝင် နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရဲမှူးကြီးကိုကိုလွင် မိသားစုနှင့်အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်များ၊ အရန်စေတီ​ရွှေထီးတော်ဘုံအဆင့်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သံဃာတော်များထံဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပါဠိဆရာတော် ဘုရားထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချအမျှပေးဝေ၍ လောကမာရဇိန် ရန်အောင်မြင် စေတီတော်အား ပန်းရထားဖြင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား ထီးတော်တင်လှူဒါန်းခြင်း၊  ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ပြီး သံဃာတော်မြတ်များမှ လောကမာရဇိန်ရန်အောင်မြင်စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားပြုလုပ်ကာ ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။

ထို့နောက်နေပြည်တော်ကောင်စီအဖွဲ့ဝင် နေပြည်တော်တိုင်းရဲတပ်ဖွဲမှူးရဲမှူးကြီး ကိုကိုလွင်နှင့်ဇနီးဒေါ်မေသက်အောင် မိသားစုမှ ဆရာတော်၊ သံဃာတော်များအား ရွာသစ်ကျေးရွာ ရန်အောင်မြင်ကျောင်းတိုက်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)