ဒဂုံမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ​မေရီချက်စ်မင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ဒဂုံ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ​မေရီချက်စ်မင်း​ကျောင်းမှ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး (Sinopharm Booster Dose) အပိုဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီကစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဦး၊ မြို့နယ်ကြက်ခြေနီအသင်းမှ ဝန်ထမ်း (၄)ဦး မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ဝန်ထမ်း(၅)ဦးတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် အသက် ၅ နှစ်မှအသက်၁၂ နှစ်ကြားကျောင်းသား၊ ​ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးခြင်းကို အလှည့်ကျ​ဆောင်ရွက်လျက်ရှိရာ ​မေရီချက်စ်မင်း ​ကျောင်းမှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၉၉) ဦးတို့အား အပိုဆောင်းထိုးနှံပေးခဲ့ကြသည်။

ဆက်လက်၍ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိပါသည်။

ကြည်​ဇေ​သော် (ပြန်/ ဆက်)