ကျွန်းစု ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က ကတ္တလူ ကျောင်း၌ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အ.ထ.က ကတ္တလူကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်နှင့်စာပေ၊ လူငယ်အားကစား ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-9မှ မအိပပလင်း၊ မောင်လင်းလက်၊ မဖူးပြည့်စုံ၊ မောင်ညီလရောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်းအား စကားဝိုင်းဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်/ဆက် ဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အလားတူ မွန်းလွဲ(၁)နာရီအချိန်တွင် အ.ထ.က (ခွဲ) ကတန်ကျောင်း၌ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11 မှ မဇင်မီမီလင်း၊ မသက်မြတ်ခိုင်၊ မချောနဒီမောင်၊ မဖြိုးသူဇာမိုးတို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)