စမ်းချောင်း ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်က စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နီလာစိုးက မူလတန်းအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအသီးသီး၏ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိအခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများကို မုန့်နှင့်အအေးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
နီလာစိုး