တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တနင်္သာရီ ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရာဥပဒေစိုးမိုးရေးနှင့် မြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား  ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  တနင်္သာရီမြို့နယ် အမှတ်(၂)နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ အင်အား(၃၅)ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရှေးဦးစွာ  တနင်္သာရီမြို့နယ်အမှတ်(၂)နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က လမ်းညွှန်ပြောကြားရာတွင် ဝန်ထမ်းများ ခရီးသွားလာသည့်အခါ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြရန်၊ မြို့နယ်တွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရာဥပဒေစိုးမိုးရေးနိုင်ရေးအတွက် စစ်အုပ်ချုပ်ရေးကို သတ်မှတ်ပေးထားသဖြင့် အားလုံးတွင်တာဝန်ရှိကြောင်း၊ သတ်မှတ်ထားသည့် ရုံးအချိန်အတွင်း ရုံးချိန်အပြည့် တာဝန်ထမ်းဆောင်ရန်၊ မြို့သန့်ရှင်းရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံကြရေး၊ ဘတ်ဂျက်ကာလအတွင်း မပြီးပြတ်သေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများပြီးစီးနိုင်ရေး၊ ဌာနအလိုက်အကောင်းဆုံးဝန်ဆောင်မှုပေးခြင်း ဖြင့် အောင်မြင်နိုင်ကြောင်းနှင့်ဌာနအလိုက်တာဝန်ရှိသူများက လိုအပ်ချက်များရှိပါက ရင်းရင်းနှီးနှီးတင်ပြစေလိုကြောင်း ပြောကြားပေးသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ဌာနဆိုင်ရာအလိုက် စစ်အုပ်ချုပ်ရေးအမိန့်ကို လိုက်နာကြရန်၊ စီမံကိန်းလုပ်ငန်းများ ကွာဟမှုမရှိစေ ရေး စာရင်းများပြုစုပေးပို့ကြရန်၊ စားသောက်ဆိုင်/ဈေးဆိုင်များတွင် CCTV တပ်ဆင်မှုများကို လုံခြုံရေးအရ အသုံးပြုနိုင်ရေး၊ လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဌာနလိုအပ်ချက်များရှိပါက တင်ပြပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနေဝင်းက ဌာနဆိုင်ရာများအနေဖြင့် မီးကင်းလုံခြုံရေးနှင့် မိမိတို့ရုံးလုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေးကို အလေးထားဆောင်ရွက်ဖို့လိုကြောင်း ဆွေးနွေးမှာကြားပေးသည်။

ယင်းနောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးကြရာ အမှတ်(၂)နယ်မြေမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာအခမ်းအနားကို မွန်းလွဲ ၁၂နာရီ၁၅တွင် အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)