သာစည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ စတင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ရှုံးထွက်ပထမဆုံးပွဲစဉ်အဖြစ် အမှတ်(၁)ရပ်ကွက်အသင်းနှင့် ရွာကြီးကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရွာကြီးအသင်းက သုံးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိကာ အကြိုဗိုလ်ပွဲသို့တက်ရောက်သွားကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရှုံးထွက်အဆင့်သို့ ရွာကြီးကျေးရွာအသင်း အမှတ်(၁)ရပ်ကွက် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်အသင်းများ၊ ရွာပုလဲကြီးကျေးရွာအသင်း၊ စိုက်ပျိုးရေးကျေးရွာ(က)အသင်းနှင့် (ခ)အသင်း၊ မြင်းကွက်ကျေးရွာအသင်း စုစုပေါင်း ၈ သင်းတက်ရောက်လာပြီး စတင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။ အဆိုပါအသင်းများမှ အနိုင်ရရှိသည့်အသင်း ၄ သင်းသည် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗိုလ်လုပွဲကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ယှဉ်ပြိုင်ကစားကာ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးဟိန်းဇာထွန်းထံက သိရသည်။
ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယရရှိသည့်အသင်းများကို ဆုများချီးမြှင့်ပေးမည်ဖြစ်ပြီး ပထမရရှိသည့်အသင်းကို ဆုဖလား၊ ဆုကြေးငွေနှင့် ရွှေတံဆိပ်ဆွဲပြား၊ ဒုတိယ ရရှိသည့်အသင်းကို ဆုကြေးငွေနှင့် ငွေတံဆိပ်ဆွဲပြားများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း