ဒေသတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး တွန်းအားပေးဆောင်ရွက်

ဘားအံ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးမွေး မြူဇုန်မှမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ဇုန်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမော့ကချူးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အတွင်း ဆန်ဖူလုံပိုလျှံမှုရှိသော်လည်း ဆီနှင့်အသားငါးကဏ္ဍတွင်ဖူလုံပိုလျှံမှုလိုအပ်ချက်ရှိနေသေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မှာယူတင်သွင်းနေရသည့်အတွက်မွေးမြူရေးဇုန်များအနေဖြင့် ယခင်ကထက်ဆတိုးမွေးမြူထုတ်လုပ်ကြဖို့လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးတောင်သူ များလိုအပ်သည့်မတည်ငွေရင်းများကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးလျက်ရှိပြီး အသားငါးဖူလုံပိုလျှံမှုရှိစေရန် တိုးချဲမွေးမြူကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးကို ဦးစားပေကဏ္ဍတစ်ရပ်အနေဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တောင်သူများအနေဖြင့်လိုအပ် ချက်များ အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာတင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်နှင့် ကမော့ကချူးမွေးမြူဇုန်ကော်မတီဝင်များက ဇုန်အတွင်းမွေးမြူထားရှိသည့်တိရိစ္ဆာန် အမျိုးအစား၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားရှိမှုအခြေအနေ၊ လမ်း၊ ရေ၊ မီးရရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇုန်အတွင်းဝက်ကောင်ရေ ၄၆၉ ကောင်၊ ဆိတ်ကောင်ရေ ၁၄၅ ကောင်၊ အသားစားကြက် ၂၀၀၀၊ ဥစားကြက် ၄၅၀၀၊ ကြက်ဆင် ၁၃၀၊ နွား ၂၀ ကောင်မွေးမြူထားရှိမှုအခြေအနေများကို လည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအားလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)