မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၀)နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာ ဒေါက်တာခင်စန်းမော်ရေးသားသည့် ပညာရှင်စိတ်ထားစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး ဆရာက "ပညာရှင်စိတ်ထားစာအုပ်ကို စာရေးသူဟာ သူရဲ့ဟောပြောပွဲနဲ့ သူ့ဘဝကိုယ့်တွေ့များကို ရေးသားထားတာဖြစ်ပါတယ်၊ ပညာရှင်စိတ်ထားနဲ့ပြည့်စုံစေရန် အကြောင်းအရင်းခံများကို ရေးသားထားပါတယ်၊ ပညာရှင်စိတ်ထားဆိုတာ ပညာရှင်ပီသတဲ့စိတ်မျိုးထားရမယ်၊ အရည်အသွေးပြည့်ဝရမယ်၊ ကိုယ့်ကျင့်သိက္ခာအရှိဆုံးနဲ့ ကတိပေးထားတဲ့အတိုင်း ရာနှုန်းပြည့် ဆောင်ရွက်တာကို ပြောတာဖြစ်ပါတယ်"ဟုဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ Book Club အဖွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ် ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း (ပြန်/ ဆက်)