မိုင်းပန် ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ အစုအဖွဲ့များတွင် ပါဝင်ဆောင်ရွက်တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းပန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်က မီးဘေးအန္တရာယ်အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဒေါ်ဝင့်သူဇာထွန်းက လူငယ်နှင့်အားကစားအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်း စတင်ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်နှင့် ကျောင်းသား/ကျောင်းသူများ(၅)ဦးတို့က ဆောင်ရွက်ကာ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်တက်လမ်းနှင့် လူငယ်နှင့်အသိစိတ်ဓာတ် စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက မေးခွန်းများကို ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။ ထို့နောက် အားကစားမှူး ဒေါ်ဝင့်သူဇာထွန်းမှ ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)