ပုသိမ်ကြီးမြို့နယ်တွင် အသိညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ပုသိမ်ကြီး ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိပညာပေးဗဟုသုတရရှိစေရန်အတွက်ရည်ရွယ်၍ (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က စည်သာယာ အ.မ.က (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူးက ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါအရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ မြန်မာ့လွတ်လပ်ရေး၏ အမြုတေ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသားကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟုသတ်မှတ်ခဲ့ကြောင်း အစရှိသည့် အကြောင်းအရာများကို ဟောပြာခဲ့ပြီးနောက် ၁၉၄၇-ခုနှစ်၊ မော်ကွန်းတွင်စေခဲ့သည့် ပင်လုံညီလာခံကြီးမှ သမိုင်းဝင်ပုံရိပ်များအကြောင်းကို နံရံကပ်စာစောင်များပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို