တောင်သာမြို့နယ် မကြီးပင်တဲကျေးရွာတွင် ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းကွင်းဆင်းစစ်ဆေး

တောင်သာ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာပေါင်း ၂၅ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာ(၄)ရွာ၌ မီးလင်းရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အနက် မကြီးပင်တဲကျေးရွာ ရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းလုပ်ငန်းအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွန်ကရစ်တိုင်များစိုက်ထူခြင်းလုပ်ငန်း မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း Footing ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းတွေ့ရပြီး လုပ်ငန်းလိုအပ်ချက်များကို ကျေးရွာကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်သူများအကြား ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မကြီးပင်တဲကျေးရွာ ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးကြိုးများသွယ်တန်းခြင်းလုပ်ငန်းမှာ ရာနူန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း ယင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ ကျပ် (၁၀) သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ်(၃)သန်းတို့ဖြင့်ဆောင်ရွက်ခဲ့ရာ ကျေးရွာရှိ အိမ်ခြေ(၃၀) လူဦးရေ (၁၁၀၀) ကျော်တို့အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောသည်။

ကျော်မျိုးနိုင်