ပူတာအိုမြို့နယ် ဇီဒမ်း(၂)ကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

ပူတာအို ဖေဖော်ဝါရီ ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် အတွင်း နေရပ်စွန့်ခွာ IDP စခန်းများမှ ပြည်သူများအား ပြန်လည်နေရာချထားပေးသည့်     ပူတာအိုမြို့နယ် ဇီဒမ်း(၂) ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အသင်းတော် ဓမ္မဆရာ ဦးအဂျောန်ထိန်နန်ဆိုင်းက သင်တန်းဖွင့်ပွဲ အခမ်းအနား စတင်နိုင်ရန်အတွက် အချိန်နာရီဆက်ကပ်ဆုတောင်းပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက မိမိရပ်ရွာအေးချမ်းသာယာရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးကဏ္ဍကို အလေးထားပြီး ကလေးများကို မိဘများက စာတတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ ကျေးရွာနေပြည်သူများ စည်းလုံးညီညွတ်မှသာ မိမိရပ်ရွာဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းနှင့် သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပေးသော ပညာရပ်များကို တတ်မြောက်အောင်သင်ကြားပြီး မိသားစု အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ကြိုးစားသင်ယူကြရန် တိုက်တွန်းလိုပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အသင်းတော် ဆရာမ ဒေါ်အဂျွန်နန်ရမ်က သင်တန်းဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သင်တန်းနည်းပြ ဒေါ်သင်းသင်းကျော်က သင်တန်းတွင် အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ ထောက်ပံ့ပေးအပ်သည်။

အဆိုပါသင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ပန်ကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပုလဲခေါင်းလျှော်ရည်၊ ဝါးမီးသွေး Scrub ၊ လက်ဆေးဆပ်ပြာရည်၊ ဖူဂျီဆပ်ပြာခရင်မ်၊ အဝတ်လျှော်ဆပ်ပြာရည်၊ အဝတ်လျှော်အမွှေးဆီ၊ မျက်နှာသစ်ဆပ်ပြာခဲစသည့် လူသုံးကုန်ထုတ်လုပ်နည်း စုစုပေါင်း (၁၀)မျိုးတို့ကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်သင်းသင်းကျော်နှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ(၆)ရက်မှ (၁၀)ရက်နေ့အထိ သင်တန်းသူ စုစုပေါင်း (၂၀)ဦးတို့အား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)