တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

တာမွေ ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန) စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးငြှိမ်းသတ်သည့် စက်ကြီးများကို အသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများအပြင် စျေးရှိ စျေးသူ/ စျေးသားများနှင့် စျေးဝယ် လာရောက်ကြသူများအနေဖြင့် အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေး နည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူး အမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် စျေးများအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးများအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် အထူးအလေးထား ဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါ စျေးအတွင်း  မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ ဆက်)