မိုင်းနောင် အထကကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

မိုင်းနောင် ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ခံအထက်တန်းသူနာပြုဆရာမ ဒေါ်နန်းဆိုင်ဟိန်းနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါ်နန်းမေထားတို့က ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်အလိုက် သံချဆေး၊ ဗီတာမင်အေ ဆေး၊(BAB)အား ဆေးတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်အရွယ်များကို သံဓာတ်အားဆေးတိုက်ကျွေးခြင်း၊ သွားပိုးစားခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးများစစ်ဆေးခြင်း ဆောင်ရွက်ပေးသည့်အပြင်ရောဂါ စစ်ဆေးတွေ့ရှိသော ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျမှတ်တမ်းတင်စာရင်းပြုစုကာ ကာကွယ်ကုသပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးသည့် ကျန်းမာရေးဆရာမများအား မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းတို့က ​ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၀၀၀)ဦးအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)