ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၆
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို၊ယနေ့ နံနက် (၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တလင်းကုန်းကျေးရွာအုပ်စု ၊မြေနီကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဘောဇနဆောင်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သီတာထွန်းက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရန်ရည်ရွယ်၍ ဂဟေဆက်သင်တန်းပူးပေါင်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းက မှုခင်းကျဆင်းရေးဆိုင်ရာများရှင်းလင်းပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဌာနဦးစီးမှူး ဒေါ်ခင်အေးအေးမော်က စိုက်ပျိုး ရေးဆိုင်ရာပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မင်းထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလန်းရရှိရေးစီစဉ်ဆောင်ရွက်ပေး နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး၊သင်တန်းဆရာများနှင့်သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြကာ ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂဟေဆက်သင်တန်းစတင်သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကြရာ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်ဦးစီးအရာရှိ ဦးတင်ကိုလတ်တို့က သင်တန်းပို့ချပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဂဟေဆက်သင်တန်းကို၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလန်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်းသိရပြီး၊အသေးစားစက်မှုလက်မှုဦးစီးဌာန၏ နည်းပညာပံ့ပိုးကူညီမှုကိုရယူ၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံ ငွေကျပ်သိန်း(၂၀)ဖြင့် သင်တန်းကာလ(၁၅)ရက် သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် ကြက်ဖြူတဲကျေးရွာ၊တံခွန်းတိုင်ကျေးရွာ၊ ဆင်ခေါင်းကျေးရွာ၊ ဇလင်းတောင်ကျေးရွာ၊ ပေတောကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့မှ သင်တန်း သား(၂၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)