မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က မိတ္ထီလာနည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်းမှာ လူငယ်များ အတက်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းများရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက ဦးဆောင်ကာ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ် စက်မှုအင်ဂျင်နီယာမှ မောင်ဇေယျာဦးက လူငယ်နှင့်အားကစား၊ စတုတ္ထနှစ် စက်မှုအင်ဂျင်နီယာမှ မောင်ပြည့်စုံအောင်က လူငယ်နှင့်ပညာရေး၊ ပထမနှစ် အီလက်ထရောနစ်အင်ဂျင်နီယာမှ မအိမြတ်ဖြိုးက လူငယ်နှင့်ကျန်းမာရေး၊ စတုတ္ထနှစ် စက်မှုအင်ဂျင်နီယာမှ မောင်အောင်ထိန်းလင်းက လူငယ်နှင့်မူးယစ်ဆေး၊ ပထမနှစ် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာမှ မမြတ်နိုးပွင့်က လူငယ်နှင့်စာဖတ်ခြင်း၊ ပထမနှစ် မြို့ပြအင်ဂျင်နီယာမှ မောင်မင်းထက်ဟိန်းက လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ရာ ၎င်းစကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းကို မိတ္ထီလာနည်းတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ပါမောက္ခများ၊ ဌာနမှူး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်