မြိတ်မြို့တွင်  အကြိမ်(၂၀)မြောက် ပရိယတ္တိသာသနပါလ ဓမ္မာစရိယနှင့်  ပထမပြန်စာမေးပွဲများ  ကျင်းပ

မြိတ်  ဖေဖော်ဝါရီ    ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်ဆီမီးစေတီတော်၌အကြိမ်(၂၀) မြောက် ပရိယတ္တိသာသနပါလဓမ္မာစရိယနှင့်  ပထမပြန်စာမေးပွဲများကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓသာသနာ့ဗိမာန်တွင် တပိုးတွဲလပြည့်ကျော် (၁)ရက်မှ (၇)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ရဟန်း၊ သာမဏေနှင့် သီလရှင်(၂၆၉)ပါး စာမေးပွဲဖြေဆို လျက်ရှိကြကြောင်း သိရသည်။

ပရိယတ္တိ သာသနပါလ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲအနေဖြင့် အခြေခံအတန်း၊ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်းကို ကျင်းပ လျက်ရှိရာ အခြေခံအတန်းတွင် ဝိနည်း/သုကုမာရမဂ္ဂဒီပနီ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊ ဓာတွတ္ထသာရ ဘာသာရပ်များ၊ အခြေပြုမူလတန်းတွင် ဝိနည်း/သုကုမာရမဂ္ဂဒီပနီ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊ တိကမာတိကာ ဘာသာ ရပ်များ၊ ပထမငယ်တန်းတွင် ဝိနည်း/ဓမ္မပဒ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊ မာတိကာဓာတုကထာ၊ ဘာသာပြန် ၊ ပထမလတ်တန်းတွင် ဒွေမာ တိကာ/ဓမ္မပဒ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊  မာတိကာ၊ ယမက၊ ဘာသာပြန်၊ ပထမကြီးတန်းတွင် ဒွေမာ တိကာ/ဓမ္မပဒ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထ၊  အဘိဓာနာဒိ၊ ယမက၊ ပဌာန်း၊ ဘာသာပြန် စသည့် ဘာသာရပ် များကို ဖြေဆိုကြရမည်ဖြစ်သည်။

ထို့အတူ ဓမ္မာစရိယစာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းဖြစ်သည့် ပါရာဇိကတ်(ပ)(ဒု)၊ သီလက္ခန်(ပ)(ဒု)၊ ဓမ္မသင်္ဂဏီ(ပ)၊ အဌသာလိနီ(ဒု)ဘာသာရပ်များကို သတ်မှတ်နေ့ရက်များအတိုင်း ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ အဆိုပါစာမေးပွဲများကို အထူးကြီးကြပ်ရေး ဆရာ တော် (၁၀)ပါးနှင့် စာမေးပွဲကြီးကြပ်ရေးဆရာတော် (၁၈)ပါးနှင့် တာဝန်ရှိသူများက ကြီးကြပ်ကျင်းပလျက်ရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ(၅)ရက်မှ(၁၁)ရက်အထိ ကျင်းပသွာမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)