အ.ထ.က(လိပ်သို)ကျောင်း၌ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

လိပ်သို ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ “သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူတိုင်းပါဝင်ကူညီပေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို  ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချရသောပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ သစ်ပင်သစ်တော၏အရေးပါပုံများအကြောင်း၊ သဘာ၀ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုဆိုင်ရာဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးကိုထိန်းသိမ်းပါ၊ လူရဲ့အကောင်းဆုံးမိတ်ဆွေဟာ သစ်ပင်ပါ၊ သစ်ပင်တွေဟာနည်းမျိုးစုံနဲ့ ရေကိုထိန်းသိမ်းပေးကြောင်း၊ သစ်တောတွေဟာ ကမ္ဘာမြေရဲ့အဆုတ်ပင်ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြော ခဲ့သည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သဘာ၀ပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့ အသိပညာပေးနံရံကပ်စာစောင်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကိုပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ  ကြည့်ရှု လေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)