ညောင်ဦး ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများသည် ဆလပ်အမျိုးမျိုးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ဖူးချိုးဆလပ်စိုက် ပျိုးတောင်သူ ဦးတင်ထွန်းအောင် ထံကသိရသည်။
ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် မြေအောက်ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြပြီး ဟင်းသီးဟင်းရွက်အမျိုးမျိုးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေနေကြကြောင်း၊ ဈေးကွက်အတွင်း အမြန်ရောက်ရှိပြီး စိုက်ပျိုးအကြီးမြန်အဖြစ်မြန်သည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်းဖြင့် မိသားစုအမြန် ဝင်ငွေဖော်ဆောင်နိုင်သည့် ဆလပ်အမျိုးမျိုးကို စိုက်ပျိုးကြကြောင်း သိရသည်။ ဆလပ်စိုက်ပျိုး ခြင်းသည် အနံနှစ်ပေ၊ အလျား ၁၅ပေခန့်ဘောင်တင်ပြီးကြဲပက် စိုက်ပျိုးခြင်း၊ ပျိုးကြဲပြီးမှ ပြန်လည်နှုတ်ယူစိုက်ပျိုးခြင်းများရှိကြပြီး ဖူးချိုးဆလပ်ပင်များသည် ကြဲပက်ပြီးသုံးရက်အတွင်း အပင်ပေါက်ကာ ၄၅ ရက်အရောက်တွင် ခူးယူရောင်းချရကြောင်း ဦးတင်ထွန်းအောင်က ရှင်းပြသည်။ ဖူးချိုးဆလပ်ပင်များသည် ခေါင်ညွတ်ချိုးယူပြီး နောက် ထပ်နှစ်ရက်မြောက်နေ့တွင် ထွက်ရှိလာသည့် ဆလပ်ဖူးများကိုခူးယူရောင်းချကြကြောင်း သိရသည်။ ဖူးချိုးဆလပ်ပင်များ သည် တစ်ဖူးချိုးပြီးတိုင်း နှစ်ဖူးမှသုံးဖူးအထိပြန် ထွက်လေ့ရှိပြီး နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ခူးချိုးရောင်းချရကြောင်း၊ ဆလပ်ကိုင်း(ဖူး) လေးဖူးလျှင်တစ်စည်း၊ ငါးဆယ်ကျပ်ရောင်းချရပြီး၊ သုံးရက်တစ်ခါ ခူးချိုးရောင်းချနေရခြင်းကြောင့် အမြန်ငွေပေါ်လွယ်သည့် ဖူးချိုးဆလပ်အား ကျေးလက်တောင်သူများ စိုက်ပျိုးသင့်ကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင်ကရှင်းပြသည်။ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများသည် ပင်ဆိုင်ဆလပ်၊ ဆလပ်ခါး၊ ရိုးရိုးဆလပ်၊ ပန်းဂေါ်ဖီ(ဆလပ်)ဖူးချိုး ဆလပ်၊များစိုက်ပျိုးကြပြီး ဖူးချိုးဆလပ်သည် တစ်လအတွင်း အပင်ဖြစ်ထွန်းခြင်းကြောင့် မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဆလပ်မျိုးများတွင် ဖူးချိုးဆလပ်သည် အပင်ဖြစ်လွယ် ပြီး ၊အမြန်ရောင်းချရခြင်းကြောင့်ငွေအမြန်ပေါ်သည့်အတွက် မိသားစုစားဝတ်နေရေး ကျေးလက်တောင်သူတိုင်း စိုက်ပျိုးသင့်သည့်ဆလပ်မျိုးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း